Fraud Awareness သတင်းများ
20 Jan, 2026

Pay to Pay ငွေတုလဲလှယ်၊ရောင်းဝယ်ခြင်းများကိုအထူးသတိပြု ရှောင်ရှားကြရန် တိုက်တွန်းအပ်

လတ်တလောတွင်  လူမှုကွန်ရက်စာမျက်နှာများ ဖြစ်ကြသော Facebook နှင့် Telegram ချန်နယ်များတွင် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြသော Pay to Pay ငွေတုလဲလှယ်ရောင်းဝယ်ခြင်းများကို အထူးသတိပြု ရှောင်ရှားကြရန် Wave ၏ သုံးစွဲသူများအား တိုက်တွန်းအပ်ပါသည်။

Pay to Pay ငွေတုလဲလှယ်၊ရောင်းဝယ်ခြင်းသည် မသမာသူများ၏ ငွေကြေးလိမ်လည်မှု နည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းတို့သည် ငွေကြေး သုံးစွဲသူများကို နည်းမျိုးစုံဖြင့် ဆွဲဆောင်၍ လိမ်လည်တတ်ကြပါသည်။

မယုံနိုင်စရာကောင်းလောက်အောင်ပင် ကောင်းမွန်သော ကမ်းလမ်းမှုများပြုလုပ်ခြင်း

မသမာသူများသည် ငွေအတုများကို ဆယ်ဆ တစ်ဆ ဈေးဖြင့် (ဥပမာ တစ်သောင်းပေးလျှင် တစ်သိန်းပြန်ရမည်) ဟု မက်လုံးပေးကာ ဆွဲဆောင်တတ်ကြသည်။ ဤသို့ဖြင့် မယုံနိုင်စရာကောင်းလောက်အောင်ပင် ကောင်းမွန်သော ကမ်းလမ်းမှုများပြုလုပ်၍ သုံးစွဲသူများကို ချဉ်းကပ်တတ်ကြပါသည်။

Slot Game များဖြင့် သွေးဆောင်ခြင်း

ငွေအတုများဖြင့် Slot Game များမှာကစားစေပြီး အနိုင်ရရှိပါက အသုံးပြုသူ၏ Mobile Wallet အကောင့်ထဲမှ တိုက်ရိုက် ငွေသားထုတ်ယူနိုင်မည်ဟုဆိုကာ မက်လုံးပေး သွေးဆောင်ဖြားယောင်း တတ်ကြပါသည်။ အဆိုပါနည်းလမ်းဖြင့် သုံးစွဲသူများအား ငွေအတုများဝယ်ယူစေပြီး Slot Game များ ကစားစေတတ်ကြပါသည်။

ကိုယ်ရေးအချက်အလက်(Personal Data) များခိုးယူခြင်း

ထို့အပြင် ငွေအတုများကို လွယ်ကူစွာဖြင့် အကြိမ်ကြိမ်ဝယ်ယူနိုင်ရန်အတွက် ဟုဆိုကာ ၎င်းတို့ထံတွင် အကောင့်ဖွင့်ရန် လင့်ခ် (Link) များကိုပေး၍ Wallet အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ (Personal Data) ကိုလည်း လိမ်လည်ရယူတတ်ကြသည်။ ယုံကြည်မှုရစေရန်အတွက်လည်း အခြားသူများ ငွေအမြောက်အမြား လဲလှယ်၍ ငွေတုများအဆမတန် ရရှိနေကြကြောင်း သို့မဟုတ် ငွေလွှဲလက်ခံရရှိကြောင်း ဖန်တီးထားသော ပုံရိပ်တု (Fake Screenshots) များကို အသုံးပြု၍ ဖြားယောင်းတတ်ကြပါတယ်။

Wallet အသုံးပြုသူများသည် မသမာသူများ၏ ဖြားယောင်းမှုအတိုင်း လုပ်ဆောင်မိပါက မိမိ၏ Mobile wallet အကောင့်ထဲရှိ ငွေများနှင့် ဘဏ်ဖြင့်ချိတ်ဆက်ထားပါက ဘဏ်အကောင့်ထဲရှိငွေများကို မသမာသူများက အလွယ်တကူ ရယူသွားနိုင်သည်။

အထူးသတိပြု ရှောင်ရှားသင့်

Pay to Pay ငွေတုလဲလှယ်၊ရောင်းဝယ်ခြင်းသည် တရားဝင်ငွေကြေးဝန်ဆောင်မှုတစ်ခု မဟုတ်သည့်အပြင် မသမာသူများက ငွေကြေးလိမ်လည်ရယူရန်အတွက်  အသုံးပြုသော AI နည်းပညာဖြင့်ပြုလုပ်ထားသည့် အက်ပလီကေးရှင်းများ (Application) ၊ လင့်ခ် (Link) များသည် အလွန်အန္တရာယ်ရှိသော အရာများဖြစ်သည့်အတွက် အထူးသတိပြု ရှောင်ရှားကြရန် လိုအပ်ပါသည်။

ငွေကြေးသုံးစွဲသူများအနေဖြင့် ငွေကြေးလိမ်လည်မှုအန္တရာယ်များကို သိရှိကာကွယ်နိုင်ရန် Wave Money သည် “ချင့်ချိန်ယုံ” အမည်ဖြင့် ငွေကြေးလိမ်လည်မှုအသိပညာမြှင့်တင်ခြင်း ကမ်ပိန်းကို အစဉ်တစိုက် လုပ်ဆောင်လျက်ရှိပါသည်။ “ချင့်ချိန်ယုံ” ကမ်ပိန်းမှတစ်ဆင့် ငွေကြေးသုံးစွဲသူများအား မသမာသူများ၏ ငွေကြေးလိမ်လည်မှုများ၊  သွေးဆောင်ဖြားယောင်းလေ့ရှိသော နည်းလမ်းများနှင့် သုံးစွဲသူများအတွက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများအား ရေဒီယိုချန်နယ်များ၊ Wave Money ၏ တရားဝင် Facebook စာမျက်နှာ၊ Viber တို့မှ အများပြည်သူနှင့် Wave အသုံးပြုသူများ၊ အေးဂျင့်များ၊ မိတ်ဖက်ကုန်သည်များအား အသိပညာပေး လုပ်ဆောင်လျက်ရှိသည်။

Wave အသုံးပြုသူများအနေဖြင့် ငွေကြေးလိမ်လည်မှုအန္တရာယ်တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရပါက Wave Money ၏ call-center နံပါတ် ၀၉ ၇၉၀၀၀၉၀၀၀ (သို့မဟုတ်) atom ဖုန်းနံပါတ်များအတွက် ၉၀၀ သို့ အချိန်မီ ဆက်သွယ်နိုင်ကြောင်းအသိပေးအပ်ပါသည်။

Wavemoney © 2026. All rights reserved.Developed by B360

chat icon