မသမာသူများသည် မိုဘိုင်းငွေကြေးသုံးစွဲသူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လိမ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေးအချက် အလက်များအား ရယူ စုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ် (Password) များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူခြင်းဖြင့် သုံးစွဲသူများ၏ အကောင့်ထဲတွင်ရှိသော ငွေကြေးများကို လိမ်လည်ထုတ်ယူတတ်ကြပါသည်။ ထို့အပြင် ဒီဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုများအပါအဝင် တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏ စနစ်အား ဖောက်ထွင်း၍ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား လိမ်လည် ရယူခြင်းများ ဆောင်ရွက်လာကြသည်ကိုလည်း တွေ့ရှိရပါသည်။
ငွေကြေးများ ဆုံးရှုံးမှု မရှိစေရန်အတွက် မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် မသမာသူများ၏ လိမ်လည်လှည့်ဖျားမှု ပုံစံများနှင့် ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများကို သိရှိပြီး သတိပြုကာကွယ်ရန် လိုအပ်ပါသည်။ လိမ်လည်မှုအန္တရာယ်ကို ကြုံတွေ့ခဲ့ရပါကလည်း သက်ဆိုင်ရာဘဏ် သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ (Call Centre) သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန်လည်း အသိပေး တိုက်တွန်းအပ်ပါသည်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှလည်း အများပြည်သူသို့ အသိပေး ကြေညာထားပါသည်။ အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။