ဒီဂျစ်တယ်ငွေပေးချေမှုများကို ပိုမိုလွယ်ကူလျင်မြန်စေမည့် National QR Standard ဖြစ်သည့် MMQR စနစ်
ယနေ့ခေတ်မှာ ဒီဂျစ်တယ်ငွေပေးချေမှုတွေ အလွန်ခေတ်စားလာပြီး လူတိုင်းနီးပါးက ငွေသားအစား မိုဘိုင်းလ်နဲ့ ငွေပေးချေတာတွေ၊ QR ကုဒ်စကင်ဖတ်ပြီး ငွေပေးချေတာတွေကို ပိုမိုအသုံးပြုလာ ကြပါတယ်။ ဒါပေမဲ့ စီပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသူတွေ အတွက်ကတော့ ဒီလိုငွေပေးချေမှု စနစ်တွေ တစ်ခုမကရှိနေတာကြောင့် အသုံးပြုရာမှာ ငွေလက်ခံအကောင့်များစွာကို စစ်ဆေးစီမံ ရသော အခက်အခဲများ ရှိနိုင်ပါတယ်။ ထို့အတူ သုံးစွဲသူတွေအတွက်လည်း မတူညီတဲ့ QR ကုဒ်တွေဖြင့် ငွေပေးချေမှုလုပ်ဆောင်ရသဖြင့် နှောင့်နှေး အဆင်မပြေမှုများ ကြုံရပါတယ်။ ဒါတွေ အားလုံးကို QR ကုဒ်တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်တဲ့ အမျိုးသားစံစနစ်ဖြစ်တဲ့ MMQR ဆိုတဲ့ စနစ်ကို မိတ်ဆက်ပေးပါရစေ။
၁။ MMQR ကုဒ်တစ်ခုတည်းဖြင့် ငွေပေးချေမှုများကို ခေတ်မှီစေခြင်း
MMQR က QR ကုဒ်တစ်ခုတည်းနဲ့ မတူညီတဲ့ ဘဏ်တွေ၊ ငွေပေးချေမှု အက်ပလီကေးရှင်းတွေနဲ့ မိုဘိုင်းငွေကြေး အက်ပလီကေးရှင်း အားလုံးကို အပြန်အလှန် ချိတ်ဆက်ပေးတဲ့ Payment QR Switch စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူများအနေနဲ့ ငွေပေးချေမှုပလက်ဖောင်းများစွာ မလိုအပ်တော့ဘဲ MMQR ကုဒ်တစ်ခုတည်းနဲ့ ငွေပေးချေမှု အားလုံးကို လက်ခံအသုံးပြုနိုင်မှာဖြစ်သလို သုံးစွဲသူတွေအနေနဲ့လည်း မိမိတို့ကြိုက်နှစ်သက်ရာ Mobile Wallet (သို့မဟုတ်) Mobile Banking တွေကို အသုံးပြုပြီး MMQR ကို Scan ဖတ်ကာ လွယ်လွယ်ကူကူနဲ့ လျင်မြန်စွာ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။
၂။ MMQR အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
MMQR သည် ငွေပေးချေမှုတွေကို မြန်ဆန်စေပြီး ငွေလွှဲလုပ်ဆောင်မှုများကိုလည်း ပိုမိုကောင်းမွန် လုံခြုံအောင် လုပ်ဆောင်ပေးပါတယ်။ EMVCo Standard ကိုပါ ထည့်သွင်းအသုံးပြုထားတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ငွေပေးချေမှု ပြုလုပ်တဲ့အခါ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံစိတ်ချ ရမှုကိုပါ ခံစားရစေပါတယ်။
၃။ စီးပွားရေးလုပ်ငန်းများအတွက် MMQR အသုံးပြုမှုရဲ့ အားသာချက်များ
လုပ်ငန်းများအတွက်ဆိုရင်လည်း MMQR က တော်တော်လေးအကျိုးရှိပါတယ်။ QR Code တစ်ခုတည်းကိုသာ အသုံးပြုရတဲ့အတွက် မတူညီတဲ့ငွေပေးချေမှုစနစ်တွေကို သီးသန့်စီမံခန့်ခွဲရတဲ့ အခက်အခဲတွေ လျော့ပါးသွားမှာဖြစ်ပြီး ငွေလက်ခံမှုလုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူ ချောမွေ့ စေမှာပါ။ နဂိုထက်မြန်ဆန်လာတဲ့ ငွေပေးချေမှုလုပ်ငန်းစဉ်တွေကြောင့်လည်း ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို မြင့်တက်စေပါတယ်။ ဒါ့အပြင် MMQR ကို အသုံးပြုတဲ့အခါ ငွေပေးချေမှုလုပ်ငန်းစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ခြေရာခံနိုင်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အချက်အလက်တွေကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
၄။ MMQR ၏ ပိုမိုကောင်းမွန်လာသော လုံခြုံရေးစနစ်များ
MMQR က ကမ္ဘာတစ်ဝှမ်းရှိ Europay, Master card, Visa Card တို့ရဲ့ EMVCo standard စံနှုန်းနဲ့ ညီမျှသော MMQR standard နဲ့အတူ Security ပိုင်းမှာ Transcation Data အားလုံးကို လုံခြုံစေရန် Tokenization ကုဒ်ဝှက်နည်းပညာကို အသုံးပြုထားပါတယ်။ လျှို့ဝှက်ကုဒ်သွင်းခြင်းက ဘဏ်အကောင့်အသေးစိတ်များ၊ ငွေလွှဲပမာဏများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေလိုမျိုး အရေးကြီးအချက်အလက်များကို code format အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ ဤသို့ပြောင်းလဲခြင်းက သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ခိုးယူဖို့ခက်ခဲစေပြီး ပို၍လုံခြုံ စေပါတယ်။
ဒါ့အပြင် MMQR က နိုင်ငံတကာ ငွေပေးချေမှု လုံခြုံရေးစံနှုန်းများနှင့်အညီ အမြင့်ဆုံးအဆင့် လုံခြုံရေးစနစ် ပါဝင်တာကြောင့် ယုံကြည်စိတ်ချရပါတယ်။ ဒါပေမဲ့ မိမိရဲ့ Payment details နဲ့ QR Code တို့ကို မမျှဝေဖို့ကတော့ အရေးကြီးပါတယ်။
၅။ လုပ်ငန်းများတွင် MMQR ဖြင့် ငွေပေးချေမှုလက်ခံရန် ဘယ်လိုစတင် အသုံးပြုရမလဲ ?
MMQR ကို စတင်အသုံးပြုဖို့အတွက် လုပ်ငန်းများအနေနဲ့ ဘဏ်နှင့် ကျွန်ုပ်တို့ Wave Money ကဲ့သို့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းကြီးများနှင့် ချိတ်ဆက် မှတ်ပုံတင်ရမှာဖြစ်ပြီး၊ လိုအပ်တဲ့အချက်အလက်တွေ ပြည့်စုံတာနဲ့ အလွယ်တကူ စတင် ငွေပေးချေမှုများကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ MMQR ကို physical စတိုးဆိုင်တွေနဲ့ အွန်လိုင်းစတိုးဆိုင်တွေမှာပါ ထားရှိနိုင်သလို လက်ရှိငွေပေးချေမှုစနစ်တွေနဲ့ပါ ချိတ်ဆက်ထားလို့ရပါတယ်။
၆။ MMQR ဖြင့် အထိရောက်ဆုံးဖြစ်စေသော ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှု
MMQR ကို အသုံးပြုခြင်းအားဖြင့် ငွေသားသုံးစွဲမှုကို လျော့ကျစေပြီး ဒီဂျစ်တယ်ငွေပေးချေမှု လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရုံသာမက နဂိုထက် စနစ်တကျ ဖြစ်အောင် စီမံခန့်ခွဲနိုင်မှာပါ။ လုပ်ငန်းရှင်များအတွက်လည်း QR Code တစ်ခုတည်းကိုသာ အသုံးပြုရတဲ့အတွက် အမှားကင်းပြီး ပိုမိုမြန်ဆန်၊ လုံခြုံတဲ့ ငွေပေးချေမှု အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက်ဆိုရင်လည်း MMQR ဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ Mobile Wallet (သို့မဟုတ်) ဘဏ်တွေကို အသုံးပြုပြီး နဂိုထက် လုံခြုံလျင်မြန်ပြီး လွယ်ကူသက်သာတဲ့ ငွေပေးချေမှုအတွေ့အကြုံကို ရရှိစေမှာပါ။
၇။ နိုင်ငံတကာ Payment Systems များအားလေ့လာခြင်း
အောင်မြင်သော QR ငွေပေးချေမှုစနစ်များဖြစ်တဲ့ အိန္ဒိယ၏ UPI (Unified Payments Interface), စင်္ကာပူ၏ SGQR, နှင့် ထိုင်းနိုင်ငံ၏ PromptPay များသည် QR-based အမျိုးသားငွေပေးချေမှု စနစ်များ၏ ထိရောက်မှုကို ပြသခဲ့ပါတယ်။ ဤစနစ်များက ဈေးဝယ်ခြင်း အတွေ့အကြုံကို လွယ်ကူစေပြီး ထိုနိုင်ငံများတွင် စုစုပေါင်းရောင်းအား ၁၀၅ ရာခိုင်နှုန်းတိုးတက်လာစေခဲ့ပါသည်။
၈။ MMQR နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ၏ အနာဂတ်
မြန်မာနိုင်ငံတွင်း ဒီဂျစ်တယ်ငွေပေးချေမှုစနစ်၏ စံပြဖြစ်လာရန် MMQR က အလားအလာ များစွာရှိပါတယ်။ လက်ရှိအချိန်မှာ MMQR ကို သုံးစွဲသူများ တဖြည်းဖြည်း များပြားလာပြီး နောင်တွင် ကျေးလက်ဒေသများအထိ ပျံ့နှံ့သွားကာ နိုင်ငံတစ်ဝှမ်းလုံးတွင် စံပြငွေပေးချေမှုစနစ်အဖြစ် ရပ်တည်ရန် ရည်မှန်းဖော်ဆောင်နေသော စနစ်တစ်ခုဖြစ်ပါတယ်။
MMQR သည် ငွေသားမဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပိုမိုတိုးတက်အောင် ကူညီပေးနိုင်ရုံသာမက MMQR ကို အသုံးပြုခြင်းဖြင့် ကျေးလက်ဒေသများတွင်ပါ ငွေကြေးဝန်ဆောင်မှုများ လွယ်ကူစွာ ရရှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
MMQR ၏ အနာဂတ်ရည်မှန်းချက်များထဲတွင် နိုင်ငံတွင်းသာမက နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု များကို ပြုလုပ်နိုင်ရန်ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာငွေပေးချေမှုစနစ်များနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ငွေလွှဲမှုများကို လွယ်ကူစွာပြုလုပ်နိုင်မဲ့ အခွင့်အလမ်းများလည်း ရှိလာနိုင်တာကြောင့် MMQR ကိုအသုံးပြုပြီး ပိုမိုလွယ်ကူခေတ်မီတဲ့ ဘဝနေထိုင်မှုဆီ တက်လှမ်းလိုက်ပါ။