Blogs
03 Feb, 2025

Know Your Customer (KYC) အချက်အလက် ပြည့်စုံခြင်း၏ အရေးပါမှုများ

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများကို အသုံးပြုနေသော သုံးစွဲသူများနှင့် ဝန်ဆောင်မှုများ ပေးအပ်နေသော ကိုယ်စားလှယ် (Agent) များအနေဖြင့် “ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း” လို့ မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ မိမိ၏ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ဆောင်ရွက်ခြင်းက ငွေပေးချေမှုလုပ်ငန်းစဉ်များနှင့် ငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဉ်များကို ပိုမို လုံခြုံမှု ရှိစေပါတယ်။

ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (KYC) လုပ်ငန်းစဉ်ဆိုတာ ဘာလဲ?

Wave ကဲ့သို့သော မိုဘိုင်းပိုက်ဆံအိတ်အသုံးပြုသူများအတွက် KYC လုပ်ငန်းစဉ်ဆိုသည်မှာ မိမိ၏ အကောင့်အား အဆင့် (၂) သို့မြှင့်တင်၍ လိုအပ်သော မိမိ၏ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။
Wave အေးဂျင့်များထံတွင် ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုများကို အသုံးပြုနေသော သုံးစွဲသူများအတွက် KYC လုပ်ငန်းစဉ်ဆိုသည်မှာ အေးဂျင့်ထံတွင် ငွေလွှဲသည့်အခါ မိမိ၏ မှတ်ပုံတင်ကို ယူဆောင်သွားခြင်း၊ မိမိ၏ မှတ်ပုံတင်နံပါတ်၊ မိမိ ငွေလွှဲပို့လိုသောသူ၏ မှတ်ပုံတင်နံပါတ်၊ အမည်၊ ဖုန်းနံပါတ် အစရှိတဲ့ ကိုယ်ရေးအချက်အလက်များကို မှန်ကန်၊ ပြည့်စုံစွာ ဖြည့်စွက်ခြင်းတို့ ဖြစ်ပါတယ်။
Wave အေးဂျင့်ထံတွင် ငွေလွှဲထုတ်ယူသည့်အခါတွင်လည်း မိမိ၏ မှတ်ပုံတင်ကို ယူဆောင်သွား၍ အေးဂျင့်အား မှတ်ပုံတင် ပြသကာ မိမိလက်ခံရရှိသော လုပ်ငန်းစဉ်နံပါတ်နှင့် လျှို့ဝှက်နံပါတ်တို့ဖြင့် ငွေထုတ်ယူခြင်း ဖြစ်ပါတယ်။

KYC လုပ်ငန်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခြင်းက ဘယ်လို ကောင်းကျိုးရလဒ်တွေ ရရှိနိုင်သလဲ?

၁။ မသမာသူများ၏ ငွေကြေးလိမ်လည်မှု အန္တရာယ်မှ ကာကွယ်နိုင်ခြင်း
မသမာသူများ၏ နည်းမျိုးစုံသော ငွေကြေးလိမ်လည်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် KYC လုပ်ငန်းစဉ်ကို မှန်ကန်၊ ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် အလွန်အရေးကြီးပါတယ်။ ငွေကြေးလိမ်လည်မှုများကြောင့် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအနေဖြင့် ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် အလွယ်တကူ ဖြေရှင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် မိုဘိုင်းငွေပေးချေမှု ဝန်ဆောင်မှုများ သုံးစွဲရာတွင်လည်း ရောင်းချသူနှင့် ဝယ်ယူသူများအကြား ငွေပေးချေမှုလုပ်ငန်းစဉ်များကို ပိုမို၍ လုံခြုံစိတ်ချရမှု ရှိစေပါတယ်။

၂။ အေးဂျင့်များအတွက် ပိုမိုလုံခြုံမှုရှိစေခြင်း
ငွေလွှဲ၊ငွေထုတ် အပါအဝင် အခြား မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများကို ပေးအပ်နေသော အေးဂျင့်များအတွက် KYC လုပ်ငန်းစဉ်ကလည်း အလွန်အရေးပါ ပါတယ်။ မသမာသူများက ငွေကြေးသုံးစွဲသူများကိုသာမက အေးဂျင့်များကိုပါ နည်းမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှု ပြုလုပ် တတ်ကြတာ ဖြစ်တဲ့အတွက် မသမာသူများ၏ လိမ်လည်၍ ငွေလွှဲခြင်း၊ ငွေအတုများသုံး၍ငွေလွှဲခြင်း အစရှိတဲ့ ငွေကြေးလိမ်လည်မှုများအန္တရာယ်မှ ကာကွယ်ရာတွင် KYC လုပ်ငန်းစဉ်များကို မဖြစ်မနေ လိုက်နာလုပ်ဆောင်ရန် အလွန်အရေးကြီးပါတယ်။

၃။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာခြင်း
ထုတ်ပြန်ထားသော နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများအရ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု သုံးစွဲသူများ၊ ဝန်ဆောင်မှုပေးအပ်နေသော အေးဂျင့်များ၊ ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုကို သုံးစွဲနေသော ရောင်းချသူလုပ်ငန်းများအနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။ ထို့ကြောင့် KYC အချက်အလက်များကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက် ဆောင်ရွက်ခြင်းက အဆိုပါ စည်းမျဉ်းစည်းကမ်းများကို အလိုအလျောက် လိုက်နာဆောင်ရွက်ပြီးသား ဖြစ်စေပါတယ်။

Wave ၏ KYC လုပ်ငန်းစဉ်ဆိုင်ရာ နည်းပညာရဲ့ ထူးခြားချက်က ဘာလဲ?

၁။ KYC လုပ်ငန်းစဉ်များကို လွယ်ကူ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း
စံနှုန်းမြင့် ဒစ်ဂျစ်တယ်နည်းပညာ နှင့် မျက်နှာဖြင့် အတည်ပြုခြင်းစနစ်(face-to-face verification) တို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော Wave ၏ KYC လုပ်ငန်းစဉ်ဆိုင်ရာ နည်းပညာသည် Wave မိုဘိုင်း ပိုက်ဆံအိတ် သုံးစွဲသူများ၏ အကောင့်အား ပို၍ လုံခြုံမှုရှိစေပါတယ်။ ထို့အပြင် အဆိုပါ နည်းပညာသည် သုံးစွဲသူများအနေဖြင့် မိမိ၏ မှတ်ပုံတင်နံပါတ်၊ အမည်၊ ဖုန်းနံပါတ်၊ လက်ရှိမျက်နှာ ဓာတ်ပုံ၊ မှတ်ပုံတင်ဓာတ်ပုံ အစရှိတဲ့ လိုအပ်သော ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ကာ KYC လုပ်ငန်းစဉ်များကို လွယ်ကူ ပြီးမြောက်အောင် ဆောင်ရွက် နိုင်စေပါတယ်။

၂။ အေးဂျင့်များအနေဖြင့် ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုပေးသည့်အခါ KYC လုပ်ငန်းစဉ်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း
အေးဂျင့်များအနေဖြင့်လည်း ငွေလွှဲဝန်ဆောင်မှုပေးသည့်အခါ ငွေလွှဲသူ၏ မှတ်ပုံတင်ကို တောင်းယူကြည့်ရှု၍ အေးဂျင့်အက်ပလီကေးရှင်းတွင် ငွေလွှဲသူ၏ မှတ်ပုံတင်နံပါတ်ကို မှန်ကန်စွာ မဖြစ်မနေဖြည့်စွက်ခြင်း၊ ငွေလက်ခံမည့်သူ၏ မှတ်ပုံတင်နံပါတ် နှင့် ဖုန်းနံပါတ်တို့ကို မှန်ကန်စွာ မဖြစ်မနေဖြည့်စွက်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်စေပါတယ်။ ဒါကြောင့် အေးဂျင့်များ အနေနဲ့လည်း ငွေလွှဲဝန်ဆောင်မှုဆောင်ရွက်တဲ့အခါ ငွေလွှဲသူ၏ မှတ်ပုံတင်ကို မဖြစ်မနေ စစ်ဆေး၍ အက်ပလီကေးရှင်းတွင် မှန်ကန်စွာဖြည့်စွက်ရန် လိုအပ်ပါတယ်။
ငွေထုတ်ဝန်ဆောင်မှုပေးသည့်အခါတွင်လည်း ငွေလွှဲထုတ်ယူသူ၏ မှတ်ပုံတင်ကို ငွေလွှဲအချက်အလက်ပါ မှတ်ပုံတင်နံပါတ်နှင့် ကိုက်ညီမှု ရှိ၊မရှိစစ်ဆေး၍ ကိုက်ညီမှု ရှိမှသာ ငွေလွှဲထုတ်ပေးခြင်းကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ဒါမှသာ မသမာသူများ၏ လိမ်လည် ထုတ်ယူခြင်း၊ ဥပဒေနှင့်မညီညွတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်း အစရှိတဲ့ အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

KYC လုပ်ငန်းစဉ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဘယ်လို ဆိုးကျိုးများ ရရှိနိုင်မလဲ?

KYC အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်မှု မရှိခြင်း (သို့မဟုတ်) ပြီးပြည့်စုံစွာ ဖြည့်စွက်ခြင်း မရှိခြင်းပါက မသမာသူများ၏ ငွေကြေးလိမ်လည်မှုတစ်စုံတစ်ရာကို ကြုံတွေ့ခဲ့လျှင် ဖြေရှင်း ဆောင်ရွက်ရန် မလွယ်ကူခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဆိုင်ရာ အန္တရာယ်ကို အလွယ်တကူ ကြုံတွေ့နိုင်ခြင်း အစရှိတဲ့ အန္တရာယ်များကို တွေ့ကြုံ ရနိုင်ပါတယ်။
အေးဂျင့်များအနေဖြင့်လည်း ငွေလွှဲသူ၏ မှတ်ပုံတင်ကို သေချာစွာ စစ်ဆေးခြင်းမပြုခြင်း၊ ငွေလွှဲဝန်ဆောင်မှုပေးတဲ့အခါ ငွေလွှဲသူ၏ မှတ်ပုံတင်ကို မှန်ကန်စွာ ဖြည့်စွက်ခြင်းတို့ကို မပြုလုပ်ပါက မသမာသူများ၏ တရားဥပဒေနှင့် မညီညွတ်သော ငွေလွှဲမှုများကို တွေ့ကြုံနိုင်ရန် အလားအလာ ပိုများနိုင်ပြီး ငွေလွှဲလုပ်ငန်းစဉ်တွင် တစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့ပါက အလွယ်တကူ ပြန်လည် စစ်ဆေးနိုင်ခြင်း မရှိခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ထိုမှတစ်ဆင့် သုံးစွဲသူများ၏ ယုံကြည်မှု လျော့ပါးစေနိုင်ပါတယ်။
ဒါကြောင့် KYC လုပ်ငန်းစဉ်များကို မှန်ကန်စွာ လိုက်နာဆောင်ရွက်ခြင်းက သုံးစွဲသူများ၊ အေးဂျင့်များနှင့်် ရောင်းချသူ လုပ်ငန်းများအတွက် အလွန်အရေးကြီးပါတယ်။ မိမိ၏ မိတ်ဆွေ၊သူငယ်ချင်းများကိုလည်း KYC လုပ်ငန်းစဉ်၏ အရေးပါမှုကို ဝေမျှ၍
မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုကို အသုံးပြုသူတိုင်း KYC အချက်အလက်များကို ပြီးပြည့်စုံစွာ ဖြည့်စွက်ဆောင်ရွက်ခြင်းဖြင့် ပို၍ လုံခြုံစိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိသော ငွေကြေးကဏ္ဍတစ်ရပ်ကို အတူတကွ တည်ဆောက်ကြပါစို့။

Wavemoney © 2025. All rights reserved.Developed by B360

chat icon