အွန်လိုင်းလိမ်လည်မှုများအတွက် သတိပြုစရာအချက်များ
ယနေ့ခေတ်မှာ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေ ခေတ်စားလာပြီး လူတိုင်းနီးပါးက ငွေပေးချေမှုတွေ၊ ငွေလွှဲမှုတွေကို မိုဘိုင်းဖုန်းတစ်ခုနဲ့ လုပ်ဆောင်လာကြပါတယ်။ ဒီလို ငွေသားမဲ့ ဒီဂျစ်တယ်ငွေပေးချေမှုများက နေ့စဉ်ဘဝလုပ်ဆောင်မှုတွေမှာ အလွန်ကို အဆင်ပြေလွယ်ကူ လှပါတယ်။ ဒါပေမဲ့ အဆင်ပြေလွယ်ကူမှုတွေနဲ့အတူ အွန်လိုင်းလိမ်လည်မှုတွေကလည်း တိုးပွားလာပါတယ်။ ဒါ့ကြောင့် အသုံးပြုတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ လိမ်လည်မှုတွေကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။
၁။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘယ်လိုကာကွယ်ကြမလဲ?
ကိုယ်ရေးကိုယ်တာအချက်အလက်တွေဆိုတာ နာမည်၊ လိပ်စာ၊ ဘဏ်အကောင့်နံပါတ်နဲ့ မှတ်ပုံတင်နံပါတ်လိုမျိုး အရေးကြီးတဲ့အချက်အလက်တွေပါ။ ဒီအချက်အလက်တွေကို လိမ်လည်သူတွေက ခိုးယူပြီး ငွေကြေးဆိုင်ရာမသမာမှုတွေ ကျူးလွန်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အချက်အလက်တွေကို လုံခြုံစွာကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။
အကြုံပြုချက်
- လုံခြုံမှုမရှိတဲ့ social media platform တွေမှာ အရေးကြီးအချက်အလက်တွေ မျှဝေမှုကို ရှောင်ကြဉ်ပါ။
- Mobile Wallet အကောင့်များအတွက် ခိုင်မာမှုရှိတဲ့ strong password တွေကိုသာ အသုံးပြုပါ။
- Two-Factor Authentication (2FA) (နှစ်ဆင့်ကာကွယ်ခြင်း) ကို ဖွင့်ထားပါ။
၂။ OTP နဲ့ PIN တွေကို ဘယ်တော့မှမမျှဝေပါနဲ့။
OTP (One-Time Password) နဲ့ PIN တွေက သင့်ရဲ့ ငွေပေးချေမှုတွေကို လုံခြုံစေဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ လိမ်လည်သူတွေက ဒီအချက်အလက်တွေကို ခိုးယူဖို့ ကြိုးစားတတ်ပါတယ်။ ဥပမာ – ဝန်ထမ်း အယောင်ဆောင်ပြီး OTP တောင်းခြင်း၊ အတုအယောင် စာတိုပေးပို့ခြင်း … စတဲ့နည်းလမ်းတွေကို အသုံးပြုတတ်ပါတယ်။
အကြုံပြုချက်
- OTP နဲ့ PIN တွေကို ဘယ်သူကိုမှ မမျှဝေပါနဲ့။
- ဘယ်လိုအခြေအနေမျိုးမျိုးမှာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မပေးရပါ။
၃။ သံသယဖြစ်စရာ link တွေကို မနှိပ်ပါနဲ့။
လိမ်လည်သူတွေက မှားယွင်းနိုင်သည့် ဆင်တူယိုးမှား Websites များ၊ အတုအယောင်စာတိုများနှင့် အီးမေးလ်များမှာ ပါဝင်တဲ့ Link များကနေတစ်ဆင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ခိုးယူဖို့ ကြိုးစားနေတတ်ပါတယ်။
အကြုံပြုချက်
- မသေချာတဲ့၊ မသိတဲ့ link တွေကို မနှိပ်ပါနဲ့။
- အွန်လိုင်းငွေပေးချေမှုလုပ်တဲ့အခါ မိမိဝယ်ယူမည့် Page လိပ်စာ မှန်မမှန်၊ ငွေလက်ခံသူအမည် မှန်မမှန် သေချာစစ်ဆေးပါ။
- ငွေလွှဲ၊ ငွေချေမှု အတွက် official apps or websites ကိုပဲ အသုံးပြုပါ။
၄။ လူမှုကွန်ရက်နဲ့ အက်ပလီကေးရှင်း ဒေါင်းလုဒ်ပြုလုပ်ရာမှာ သတိထားပါ။
လူမှုကွန်ရက်တွေမှာ လိမ်လည်မှုများစွာ ရှိပါတယ်။ ဒါ့အပြင် အတည်မပြုရသေးတဲ့ အက်ပလီကေးရှင်းတွေကို ဒေါင်းလုဒ်လုပ်တဲ့အခါ အန္တရာယ်ရှိတဲ့ malware တွေ ဝင်လာပြီး ကိုယ့်ရဲ့အချက်အလက်တွေ ခိုးယူခံရနိုင်ပါတယ်။
အကြုံပြုချက်
- Google Play Store နဲ့ Apple App Store လို ယုံကြည်ရတဲ့ platform တွေကနေ တစ်ဆင့်သာ အက်ပလီကေးရှင်းတွေကို ဒေါင်းလုဒ် ပြုလုပ်ပါ။
- သံသယဖြစ်စရာ ဆွဲဆောင်မှုများကို သတိထားပါ။
- မသုံးတော့တဲ့ အက်ပလီကေးရှင်းတွေကို ဖျက်ပါ။
၅။ လိမ်လည်မှုခံရတယ်ထင်ရင် ဘာလုပ်ရမလဲ?
ကိုယ့်ကိုယ်ကိုယ် လိမ်လည်မှုခံရတယ်လို့ သံသယရှိရင် ဒီအဆင့်တွေအတိုင်း လုပ်ဆောင်ပေးပါ။
- ဘဏ်ကို ချက်ချင်းဆက်သွယ်ပါ – ဖြစ်စဉ်ကို အသိပေးပြီး အကောင့်ကို ယာယီပိတ်ထားဖို့ တောင်းဆိုပါ။
- Call Center ကို ဆက်သွယ်ပါ – လိမ်လည်မှုအကြောင်း အသေးစိတ်ပြောပြပါ။
- Password နဲ့ PIN တွေကို ပြောင်းပါ – အကောင့်တွေအားလုံးရဲ့ password တွေကို အသစ်ပြောင်းပါ။
- အကောင့်တွေကို စောင့်ကြည့်ပါ – ခွင့်ပြုချက်မရှိဘဲ ငွေထုတ်၊ ငွေလွှဲခြင်းများရှိမရှိ စစ်ဆေးပါ။
- တရားရေးကို အသိပေးပါ – သက်ဆိုင်ရာအဖွဲ့တွေကို သတင်းပို့ပါ။
၆။ ဘယ်လိုကာကွယ်ကြမလဲ?
- သင့်ဖုန်းနဲ့ အက်ပလီကေးရှင်းတွေကို ပုံမှန် update ပြုလုပ်ပါ။
- Antivirus software တွေအသုံးပြုပါ။
- မိသားစုဝင်တွေကို လိမ်လည်မှုတွေအကြောင်း သတိပေးပါ။
- ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုပေးသူတွေဆီက လုံခြုံရေးသတိပေးချက်တွေကို သတိထားပါ။
သင် နဲ့ သင်ချစ်ခင်ရသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ လုံခြုံပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု အတွေ့အကြုံကိုရရှိစေဖို့ ဒီအချက်တွေကို မျှဝေရင်း သင်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်လိုက်ပါ။