WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးဆိုတာဘာလဲ?

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို WavePay အကောင့်ထဲဝင်တဲ့အခါ သို့မဟုတ် WavePay အက်ပလီကေးရှင်းသုံးပြီး ငွေပေးချေမှု အမျိုးမျိုးပြုလုပ်တဲ့အခါ လိုအပ်ပါတယ်။

ငွေလွှဲရင် သုံးတဲ့ လျှို့ဝှက်နံပါတ် (Secret Code) ဆိုတာဘာလဲ? ဘယ်လိုအချိန်မျိုးမှာ Secret Code ကိုလိုအပ်လဲ?

WavePay အကောင့်မရှိတဲ့သူဆီ Wave Money ဆိုင်ကနေ ဖြစ်ဖြစ်၊ WavePay အကောင့်ထဲကနေဖြစ်ဖြစ် ငွေလွှဲတဲ့အခါ လျှို့ဝှက်နံပါတ် (Secret Code) ကို လိုအပ်ပါတယ်။ အကယ်၍ Wave Money ဆိုင်ကနေ တစ်ဆင့် ငွေလွှဲမယ်ဆိုရင် ဒီ လျှို့ဝှက်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ငွေလွှဲသူက အလိုအလျောက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ငွေလွှဲသူက WavePay အကောင့်ထဲက လွှဲမယ်ဆိုရင်တော့ လျှို့ဝှက်နံပါတ်ကို ငွေလွှဲသူကိုယ်တိုင်သတ်မှတ်ရမှာဖြစ်ပါတယ်။

ယာယီ PINနံပါတ် ဆိုတာဘာလဲ? ဘယ်လိုအချိန်မျိုးမှာ ယာယီPINနံပါတ် ကိုလိုအပ်လဲ?

WavePay စသုံးတဲ့ မိတ်ဆွေတွေ အကောင့်ထဲပထမဆုံးဝင်ရောက်တဲ့အခါမှာသော်လည်းကောင်း၊ WavePay အကောင့်ရဲ့ PIN နံပါတ်၄လုံး ပြောင်းတဲ့အခါမှာသော်လည်းကောင်း အကောင့်ထဲဝင်ဖို့အတွက် Wave Money က အလိုအလျောက်ပို့ပေးတဲ့ ယာယီ PIN နံပါတ်ဖြစ်ပါတယ်။ ယာယီ PIN နံပါတ် က ဂဏန်း ၄လုံးရှိပြီး မိတ်ဆွေတစ်ဦးတည်းပဲ သိသင့်တဲ့လျှို့ဝှက်နံပါတ်ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မပြောပြမိဖို့လည်း အရေးကြီးပါတယ်။

OTP (One Time Password) ဆိုတာဘာလဲ? ဘယ်လိုအချိန်မျိုးမှာ OTP ကိုလိုအပ်လဲ?

WavePay အကောင့်ရှိပြီးတဲ့ မိတ်ဆွေတွေ မိမိအကောင့်ကို ဖုန်းအသစ်မှာ ဝင်လိုက်တဲ့အခါ သို့မဟုတ် WavePay အက်ပလီကေးရှင်းကို ဖျက်ပြီး ဖုန်းထဲကို ပြန်ထည့်ပြီးမှ မိမိအကောင့်ထဲကို ပြန်ဝင်ရောက်တဲ့အခါ ရိုက်ထည့်နိုင်ဖို့ Wave Money က အလိုအလျောက်ပြန်ပို့ပေးတဲ့ ယာယီလျှို့ဝှက်ဂဏန်း ၆ လုံးဖြစ်ပါတယ်။ မိတ်ဆွေတစ်ဦးတည်းပဲ သိသင့်တဲ့လျှို့ဝှက်နံပါတ်ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မပြောပြမိဖို့လည်း အရေးကြီးပါတယ်။

Wave Money call center က ဆက်သွယ်မှန်းဘယ်လိုသိနိုင်မလဲ?

Wave Money call center က မိတ်ဆွေတို့ကို ဆက်သွယ်တဲ့အခါ တယ်လီနောအသုံးပြုသူတွေဆိုရင် 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေဆိုရင် 09790009000 နံပါတ်တွေနဲ့ပဲ ဆက်သွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေက ဆက်သွယ်ခဲ့ရင် သို့မဟုတ် မိတ်ဆွေကို ဆက်သွယ်လာတဲ့အခါ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money ရဲ့ official Facebook Messenger ကသာ အစစ်အမှန်ဆိုတာကို သတိပြုပေးစေလိုပါတယ်။ အရေးကြီးဆုံးက Wave Money call center က မိတ်ဆွေရဲ့ ကိုယ်ပိုင်အချက်အလက်၊ OTP နဲ့ PINနံပါတ် ၄လုံးကို မေးမြန်းစုံစမ်းခြင်းမရှိပါဘူး။ အကယ်၍ တစ်စုံတစ်ယောက်က မေးမြန်းလာခဲ့ရင်လည်း မိတ်ဆွေအနေနဲ့ မပြောပြမိဖို့ တိုက်တွန်းလိုပါတယ်။

Wave Money ဆိုင်တွေဆီမှာ WavePay အကောင့်ထဲကို ငွေသွင်း သို့မဟုတ် အကောင့်ထဲကငွေထုတ်တဲ့အခါ ဘယ်အချက်အလက် တွေကိုပြောပြရမလဲ?

WavePay အကောင့်ထဲကို ငွေသွင်း သို့မဟုတ် အကောင့်ထဲကငွေထုတ်တဲ့အခါ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောပြရမှာဖြစ်ပါတယ်။

ဘယ်သူ့ကိုမှမပြောရမယ့် အချက်အလက်က ဘာလဲ?

OTP၊ ယာယီPINနံပါတ်၊ လျှို့ဝှက်နံပါတ် နဲ့ WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံး တွေကို ဘယ်သူ့ကိုမှ မပြောပြရပါဘူး။ မိမိ WavePay အကောင့်နဲ့ပတ်သက်သော screenshot ကို social media အပေါ်မတင်ပါနဲ့။

WavePay က ငွေလွှဲ/ငွေထုတ်တွေအတွက် လုံခြုံစိတ်ချရအောင် ဘယ်လိုဆောင်ရွက်ပေးထားလဲ?

WavePay အက်ပလီကေးရှင်းထဲကို ပထမဆုံး ဝင်ရောက်ဖို့အတွက် WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို ရိုက်ထည့်ရမှာပါ။ အကောင့်ထဲကို တစ်ကြိမ်ဝင်ပြီးရင် နောက်ထပ် ဝင်တဲ့အခါ PINနံပါတ်ကို ထပ်ရိုက်စရာမလိုပါဘူး။ ဒါပေမယ့် အကောင့်လုံခြုံရေးအတွက် စိတ်ချရအောင် ငွေပေးချေတိုင်း PINနံပါတ် ၄လုံးကို ရိုက်ထည့်ပေးရမှာပါ။